အထူးကုန်စည်ခွန်
အထူးကုန်စည်ခွန် FAQ Accordion
ဂျပန်နိုင်ငံသားများပါဝင်သော အဖွဲ့တစ်ဖွဲ့မှ လာရောက်၍ မေးမြန်းသည်မှာ ၎င်းတို့၏ JVကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဒီဇယ်များကို Normal Trade ဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ တင်သွင်း၍ မူဆယ် မြို့မှတဆင့် Re-export စနစ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရာတွင် မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ၍ မေးမြန်းခြင်း။
ဂျပန်နိုင်ငံသားများပါဝင်သော JVကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဒီဇယ်များတင်သွင်းလာရာတွင် ရန်ကုန်ဆိပ်ကမ်း၌ ကြိုတင်ဝင်ငွေခွန် ၂%၊ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အထူးကုန်စည်ခွန် ၅% နှင့် အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန် ၅ % ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကုန်စည်ဖြစ်သော ဒီဇယ်ကို Re-export စနစ်ဖြင့် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းအပေါ်တွင် ကြိုတင်ဝင်ငွေခွန် ၂% ကို ထပ်မံပေးဆောင်ရန်မလိုပါ။ ဒီဇယ်ကို ပြည်ပသို့ပြန်လည် တင်ပို့ ခြင်းအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁(ခ) အရ အထူး ကုန်စည်ခွန်မကျသင့်ပါ။ ဒီဇယ်ကို ပြည်ပသို့တင်ပို့ခြင်းအပေါ်တွင် ၂၀၁၈ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၇ (ခ) အရ ရောင်းရငွေအပေါ်တွင် ၀% ဖြင့် ကုန်သွယ်လုပ် ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်မှ ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီခုနှိမ်နိုင်သည်။ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း များတွင် မည်သို့ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့်စပ်လျဉ်း၍ ပြည်ပသို့တင်ပို့ ရောင်းချခြင်း အတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်အောက် လျော့နည်းနေပါက ပြန်အမ်းငွေတောင်းခံ နိုင်သည်။ ဝင်ငွေခွန်မှာ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃ (က) (၁) အရ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ ယင်းကုမ္ပဏီကရရှိသည့် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ပါ သည်။ ကျသင့်ကြိုတင်ဝင်ငွေခွန်များကို စည်းကြပ်မှုအရကျသင့်သည့် ဝင်ငွေခွန်မှ ခုနှိမ်ပေး မည်ဖြစ်ပါသည်။
အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ ၏အပိုဒ် ၅ ပါနှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေ ကျပ် ၁၀ သိန်းအထိ အခွန်နုတ်ယူပေးသွင်းခြင်းမပြုရဟူသည့် ပြဌာန်းချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းစွာ သိရှိလိုပါသည်။
ပထမအကြိမ်ငွေပေးချေချိန်တွင် ကျပ် ၁၀ သိန်းမပြည့်သေးဘဲ ဒုတိယ အကြိမ်တွင် ၂ ရပ်ပေါင်း ကျပ် ၁၀ သိန်းထက်ကျော်လွန်ပါက စုစုပေါင်းပေးချေငွေကျပ် ၁၀ သိန်းထက် ကျော်လွန်သည့် ပေးချေငွေမှစတင်၍ နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။
ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေပေးသွင်းခဲ့သော်လည်း အရောင်းအဝယ်ကိစ္စ ပျက်ပြယ်ခဲ့လျှင် ၎င်းကြိုတင်ငွေပေးချေပြီးမှုအပေါ် အထူးကုန်စည်ခွန် ကျသင့်မည်လား၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်လား။
ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေရခဲ့သော်လည်း အရောင်းအဝယ် ပျက်ပြယ်သဖြင့် စရံငွေကိုရောင်းချသူမှရရှိသည့်ကိစ္စတွင် အထူးကုန်စည်ခွန် ရောင်းချရခြင်းမှ ရရှိသောဝင်ငွေမဟုတ်ဘဲ၊ ဝန်ဆောင်ခအနေဖြင့် ရရှိခဲ့ခြင်းကြောင့် အထူးကုန်စည်ခွန် ကျသင့်မည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ကင်းလွတ်ခွင့်ရှိသည့် ဝန်ဆောင်မှုတွင်မပါဝင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည် ဖြစ်ပါသည်။
အထူးကုန်စည်များကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀) ရက်အတွင်းကျသင့်အခွန် ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားရာ ကျောက်မျက်ရတနာများအနေဖြင့် မည်သည့်နေ့ကို ရောင်းချသည့်နေ့ဟုသတ်မှတ်သင့် ကြောင်း၊ ကြိုတင်စရံငွေပေးသွင်းသည့်နေ့ကို ဆိုလိုပါသလား (သို့) ငွေပေးချေပြီးနေ့ ကိုဆိုလိုပါသလားသိလိုခြင်း။
ကျောက်မျက်ရတနာရောင်းချရာတွင် ကျောက်မျက်ရတနာပြပွဲတွင်ရောင်းချပြီးနောက် ကျောက်မျက်ရတနာတန်ဖိုးငွေအပြည့် ပေးချေသည့်နေ့ကို ရောင်းချသည့်နေ့ဟု မှတ်ယူရမည်ဖြစ်ပါသည်။
လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင် တို့အား မည်သို့ဆောင်ရွက်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိမည်နည်း။
ထုတ်လုပ်သည့် လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင်တို့အား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိနိုင်မည်ဖြစ်သည်။