Quick Tab FAQ

ဂျပန်နိုင်ငံသားများပါဝင်သော အဖွဲ့တစ်ဖွဲ့မှ လာရောက်၍ မေးမြန်းသည်မှာ ၎င်းတို့၏ JVကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဒီဇယ်များကို Normal Trade ဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ တင်သွင်း၍ မူဆယ် မြို့မှတဆင့် Re-export စနစ်ဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရာတွင် မည်သည့်အခွန်များ ကျသင့်မည်ကို သိရှိလို ၍ မေးမြန်းခြင်း။

ဂျပန်နိုင်ငံသားများပါဝင်သော JVကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ဒီဇယ်များတင်သွင်းလာရာတွင် ရန်ကုန်ဆိပ်ကမ်း၌ ကြိုတင်ဝင်ငွေခွန် ၂%၊ ကုန်းပေါ်ရောက်တန်ဖိုးအပေါ် အထူးကုန်စည်ခွန် ၅% နှင့် အထူးကုန်စည်ခွန် အပါအဝင်ဖြစ်သော ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင် ကုန်သွယ် လုပ်ငန်းခွန် ၅ % ပေးဆောင်ရမည်ဖြစ်ပါသည်။ အထူးကုန်စည်ဖြစ်သော ဒီဇယ်ကို Re-export စနစ်ဖြင့် မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်းအပေါ်တွင် ကြိုတင်ဝင်ငွေခွန် ၂% ကို ထပ်မံပေးဆောင်ရန်မလိုပါ။ ဒီဇယ်ကို ပြည်ပသို့ပြန်လည် တင်ပို့ ခြင်းအပေါ် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁၁(ခ) အရ အထူး ကုန်စည်ခွန်မကျသင့်ပါ။ ဒီဇယ်ကို ပြည်ပသို့တင်ပို့ခြင်းအပေါ်တွင် ၂၀၁၈ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၁၇ (ခ) အရ ရောင်းရငွေအပေါ်တွင် ၀% ဖြင့် ကုန်သွယ်လုပ် ငန်းခွန်ကျသင့်မည်ဖြစ်ပါသည်။ ပြည်ပသို့ တင်ပို့ရောင်းချခြင်းအတွက် ကျသင့်ကုန်သွယ် လုပ်ငန်းခွန်မှ ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့ရသည့် ကုန်သွယ်လုပ်ငန်းခွန်ကို စည်းမျဉ်းများနှင့်အညီခုနှိမ်နိုင်သည်။ ကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း များတွင် မည်သို့ဆိုစေကာမူ ပြည်ပပို့ကုန်များနှင့်စပ်လျဉ်း၍ ပြည်ပသို့တင်ပို့ ရောင်းချခြင်း အတွက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်သည် ကုန်စည်ကိုဝယ်ယူစဉ် သို့မဟုတ် ထုတ်လုပ်စဉ်က ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်အောက် လျော့နည်းနေပါက ပြန်အမ်းငွေတောင်းခံ နိုင်သည်။ ဝင်ငွေခွန်မှာ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၂၃ (က) (၁) အရ ဝင်ငွေခွန်ဥပဒေ ပုဒ်မ ၆ အရ သက်သာခွင့်များမနုတ်မီ  ယင်းကုမ္ပဏီကရရှိသည့် စုစုပေါင်း အသားတင်အမြတ်ဝင်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန်ထမ်းဆောင်ရမည်ဖြစ်ပါ သည်။ ကျသင့်ကြိုတင်ဝင်ငွေခွန်များကို စည်းကြပ်မှုအရကျသင့်သည့် ဝင်ငွေခွန်မှ ခုနှိမ်ပေး မည်ဖြစ်ပါသည်။

 

 

 

 

 

အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ ၏အပိုဒ် ၅ ပါနှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေ ကျပ် ၁၀ သိန်းအထိ အခွန်နုတ်ယူပေးသွင်းခြင်းမပြုရဟူသည့် ပြဌာန်းချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းစွာ သိရှိလိုပါသည်။

ပထမအကြိမ်ငွေပေးချေချိန်တွင် ကျပ် ၁၀ သိန်းမပြည့်သေးဘဲ ဒုတိယ အကြိမ်တွင် ၂ ရပ်ပေါင်း ကျပ် ၁၀ သိန်းထက်ကျော်လွန်ပါက စုစုပေါင်းပေးချေငွေကျပ်  ၁၀ သိန်းထက် ကျော်လွန်သည့် ပေးချေငွေမှစတင်၍  နုတ်ယူပေးသွင်းရမည်ဖြစ်ပါသည်။

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေပေးသွင်းခဲ့သော်လည်း အရောင်းအဝယ်ကိစ္စ ပျက်ပြယ်ခဲ့လျှင် ၎င်းကြိုတင်ငွေပေးချေပြီးမှုအပေါ် အထူးကုန်စည်ခွန် ကျသင့်မည်လား၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည်လား။

ကျောက်မျက်ရတနာပြပွဲ၌ ကျောက်မျက်ရတနာရောင်းချပြီး ကြိုတင်စရံငွေရခဲ့သော်လည်း အရောင်းအဝယ် ပျက်ပြယ်သဖြင့် စရံငွေကိုရောင်းချသူမှရရှိသည့်ကိစ္စတွင် အထူးကုန်စည်ခွန် ရောင်းချရခြင်းမှ ရရှိသောဝင်ငွေမဟုတ်ဘဲ၊ ဝန်ဆောင်ခအနေဖြင့် ရရှိခဲ့ခြင်းကြောင့် အထူးကုန်စည်ခွန် ကျသင့်မည်မဟုတ်ဘဲ ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ကင်းလွတ်ခွင့်ရှိသည့် ဝန်ဆောင်မှုတွင်မပါဝင်၍ ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်မည် ဖြစ်ပါသည်။

အထူးကုန်စည်များကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀) ရက်အတွင်းကျသင့်အခွန် ပေးဆောင်ရမည်ဟုပြဋ္ဌာန်းထားရာ ကျောက်မျက်ရတနာများအနေဖြင့် မည်သည့်နေ့ကို ရောင်းချသည့်နေ့ဟုသတ်မှတ်သင့် ကြောင်း၊ ကြိုတင်စရံငွေပေးသွင်းသည့်နေ့ကို ဆိုလိုပါသလား (သို့) ငွေပေးချေပြီးနေ့ ကိုဆိုလိုပါသလားသိလိုခြင်း။

ကျောက်မျက်ရတနာရောင်းချရာတွင် ကျောက်မျက်ရတနာပြပွဲတွင်ရောင်းချပြီးနောက် ကျောက်မျက်ရတနာတန်ဖိုးငွေအပြည့် ပေးချေသည့်နေ့ကို ရောင်းချသည့်နေ့ဟု မှတ်ယူရမည်ဖြစ်ပါသည်။

လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင် တို့အား မည်သို့ဆောင်ရွက်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိမည်နည်း။

ထုတ်လုပ်သည့် လုပ်ငန်းဥပစာနေရာအတွင်းမှ အရက်၊ စီးကရက်၊ ဝိုင်တို့အား အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပြီးမှသာ အခြားတစ်နေရာသို့ ရွှေ့ပြောင်းခွင့်ရှိနိုင်မည်ဖြစ်သည်။

Pages

ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိသည့် ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှ ဝင်ငွေနှင့်ပတ်သက်၍ နိုင်ငံသားတစ်ဦးသည် ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်ပြီး ရရှိလာသော လစာဝင်ငွေအား ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသော အချိန်တွင် ဝင်ငွေကြေညာလွှာတင်သွင်းပါက သက်ဆိုင်ရာမြို့နယ်အနေဖြင့် ထိုဝင်ငွေနှင့် ပတ်သက် ၍ ပတခ(ဝင)-၈ ထုတ်ပေးခြင်းရှိ/ မရှိနှင့် ကင်းလွတ်ခွင့်ရသည့်ကာလဖြစ်သော ၂၀၁၂ ခုနှစ် မှစ၍ တင်ပြလာပါက လက်ခံခြင်း ရှိ/ မရှိ သိရှိလိုပါသည်။

လစာဝင်ငွေခေါင်းစဉ်မှ ပြည်ပနေနိုင်ငံသား၏ လစာဝင်ငွေကို ၁-၁-၂၀၁၂ နေ့မှစ၍ ကင်း လွတ်ခွင့်ပေးခဲ့ပါသည်။ ထိုနေ့မတိုင်မီဖြစ်ပါက ဝင်ငွေခွန်ဥပဒေပုဒ်မ ၂၁ အရ ဆောင်ရွက်ပြီး ခွင့်ပြုချက်ရရှိပါက စည်းကြပ်မှုကို ဥပဒေနှင့်အညီ ဆောင်ရွက်ရပါမည်။ ပတခ(ဝင)-၈ သည် “ဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရ အခွန်တောင်းခံလွှာ” ဖြစ်သောကြောင့် စည်းကြပ်မှုအရ တောင်းခံသည့် ငွေသွင်းချလန်ပူးတွဲပေးပို့ရသော အခွန်တောင်းခံလွှာဖြစ်ပါသည်။ စည်း ကြပ်မှုမရှိ၍ ပတခ(ဝင)-၈ ထုတ်ပေးရန်အကြောင်းမရှိပါ။ ကင်းလွတ်ခွင့်ရကာလတွင် လစာဝင်ငွေအတွက် အထောက်အထားပြည့်စုံစွာ တင်ပြရန်သာလိုအပ်ပါသည်။ အခွန်ကင်းလွတ်ခွင့်ရရှိထားသော လစာခေါင်းစဉ်မှဝင်ငွေဖြစ်ကြောင်း ဝင်ငွေရလမ်းအထောက်အထား ပြည့်စုံမှန်ကန်မှုကိုသာ စိစစ်ဆောင်ရွက်ရပါမည်။

Textile (အထည်အလိပ်လုပ်ငန်း) များအပေါ် မည်သည့်အခွန်များ ကောက်ခံသည်ကို သိရှိလိုပါသည်။

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ ပြည်ပမှတင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်း၊ ဝယ်ယူရောင်းချခြင်းကိစ္စရပ်များအတွက် ကုန်သွယ်လုပ်ငန်းခွန် ၅% ကျသင့်ပါမည်။ ပြည်ပသို့တင်ပို့ခြင်း ဖြစ်ပါက ယင်းဥပဒေပုဒ်မ ၁၇ ပုဒ်မခွဲ (ခ) အရ သုညရာခိုင်နှုန်း ကျသင့်ပါမည်။၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (က) အရ စုစုပေါင်းအသားတင် အမြတ်ဝင်ငွေအပေါ် ၂၅% ဖြင့် ဝင်ငွေခွန် စည်းကြပ်ပါသည်။

အထည်ချုပ်လုပ်ငန်းများအပေါ် မည်သည့်အခွန်များ ကောက်ခံသည်ကို သိရှိလိုပါသည်။

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (ဃ) အမှတ်စဉ် (၂၆) အရ ကုန်ကြမ်းပေး၊ ကုန်ချောယူစနစ်ဖြင့် ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်ပါ။ ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၂၃ ပုဒ်မခွဲ (က)အရ စုစုပေါင်းအသားတင်အမြတ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာနအတွက် တပ်မတော်တွင် အသုံးပြုရန် Budget ငွေဖြင့် ဝန်ကြီးဌာနတစ်ခုမှ မီးစက်အား တင်ဒါအောင်မြင်ခဲ့ရာ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ရ/မရ သိရှိလိုပါသည်။

၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပုဒ်မ ၁၄ ပုဒ်မခွဲ (က) အမှတ်စဉ် (၃၆) အရ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ခွဲဝေလျာထားပေးသည့် ရသုံးခန့်မှန်းခြေငွေစာရင်းပါ အသုံးစရိတ်မှကျခံ၍ တပ်မတော်တွင်အသုံးပြုရန် ဝယ်ယူသည့် ကုန်စည်ဖြစ်သဖြင့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်ပါ။

CMP အထည်ချုပ်စက်ရုံအတွက် လုပ်ငန်းလိုအပ်ချက်အရ ထပ်မံတင်သွင်းလာသည့် စက်ကိရိယာများအတွက် ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် မည်ကဲ့သို့ လျှောက်ထားရမည်ကို သိရှိလိုပါသည်။

၂၀၁၈ ခုနှစ်နှင့် ၂၀၁၈-၂၀၁၉ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေများတွင် လက်ခစားအပ်ကုန်စနစ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများက လုပ်ငန်းလိုအပ်ချက်အရ ပြန်လည်ရောင်းချရန်မဟုတ်သည့် တင်သွင်းလာသော စက်ပစ္စည်းများ၊ စက်ကိရိယာများ၊ ပစ္စည်းကိရိယာနှင့် ယင်းတို့၏ အရန်နှင့် အပိုပစ္စည်းများအား ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ကုန်စည်အဖြစ် သတ်မှတ်ထားပြီးဖြစ်ပါသည်။

Pages

ပုဂ္ဂလိကဘဏ်တွင် အပ်နှံထားသောငွေမှ အတိုးရသည့်အပေါ် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရှိ/မရှိ သိရှိလိုပါသည်။

ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၁ ရှင်းလင်းချက်(ခ)အရ စီးပွားရေးလုပ်ငန်းဆိုသည်တွင် ငွေချေးသက်သေခံလက်မှတ်များကို နှစ်တစ်နှစ်အတွင်း စီးပွားရေးလုပ်ငန်းသဖွယ် အဖန်တလဲလဲ ဝယ်ယူခြင်း၊ လဲလှယ်၊ လွှဲပြောင်းခြင်းနှင့် အတိုးရရန်ရင်းနှီးမြှုပ်နှံခြင်းတို့ပါဝင်သည်ဟုဆိုထားသဖြင့် ပုဂ္ဂလိကဘဏ်တွင်အပ်နှံထားသောငွေမှ အတိုးရငွေသည် စီးပွားရေးလုပ်ငန်းမှ ဝင်ငွေဖြစ်သဖြင့် ဝင်ငွေခွန် ကင်းလွတ်ခွင့်မရပါ။

မြန်မာနိုင်ငံအတွင်းရှိဂျပန်ကုမ္ပဏီတစ်ခုတွင်လာရောက်အလုပ်လုပ်ကိုင်နေသော ဂျပန်နိုင်ငံသား(ပြည်ပနေနိုင်ငံခြားသား)အား လစာပေးရာတွင် မြန်မာနိုင်ငံအတွင်းရှိဂျပန်ကုမ္ပဏီနှင့် ပြည်ပရှိဂျပန်ကုမ္ပဏီတို့မှ လစာပေးခဲ့ပါသည်။ ဥပမာ ထိုနိုင်ငံခြားသားအား လစာပေးရာတွင် မြန်မာနိုင်ငံအတွင်းရှိ ကုမ္ပဏီမှ ၅၀၀+ ပြည်ပရှိကုမ္ပဏီမှ ၅၀၀ စုစုပေါင်း ၁၀၀၀ ပေးပါသည်။ ထိုနိုင်ငံခြားသား၏ လစာဝင်ငွေခွန်တွက်ချက်ရာတွင် မြန်မာနိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီမှပေးသော လစာကိုသာ ထည့်သွင်းတွက်ချက်ရမည်လား (သို့မဟုတ်) မြန်မာ နိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီနှင့် ပြည်ပရှိဂျပန်ကုမ္ပဏီမှပေးသော လစာဝင်ငွေနှစ်ရပ်ပေါင်းအပေါ် လစာဝင်ငွေတွက်ချက်ရမည်လား သိရှိလိုပါသည်။

မြန်မာနိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီတစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသော ဂျပန်နိုင်ငံသား (ပြည်ပနေနိုင်ငံခြားသား) အတွက် လစာဝင်ငွေခွန်တွက်ချက်ရာတွင် မြန်မာနိုင်ငံအတွင်းသို့ လာရောက်အလုပ်လုပ်ကိုင်သည့် ကာလအတွက် ရရှိသော မြန်မာနိုင်ငံအတွင်းရှိ ဂျပန်ကုမ္ပဏီမှပေးသော လစာနှင့် ပြည်ပရှိဂျပန်ကုမ္ပဏီမှပေးသော လစာဝင်ငွေနှစ်ရပ်ပေါင်းအပေါ်တွင် လစာဝင်ငွေခွန်တွက်ချက်ရမည် ဖြစ်ပါသည်။

ပြည်တွင်းရှိ ကုမ္ပဏီတစ်ခုသည် ထိုင်းနိုင်ငံရှိ ကုမ္ပဏီတစ်ခုနှင့် ဝန်ဆောင်မှုဆောင်ရွက်ရန်အတွက် လုပ်ငန်းအပ်နှံရာ ထိုကုမ္ပဏီမှ ဝန်ထမ်းစေလွှတ်ပေးပါသည်။ ထိုဝန်ထမ်း၏ လစာဝင်ငွေခွန်အတွက် ပေးဆောင်ရာတွင် DTA စာချုပ်ပါအတိုင်း ခံစားလိုပါသဖြင့် မည်သည့်အထောက်အထားများကို တင်ပြရမည်ကို သိရှိလိုပါသည်။

မြန်မာနိုင်ငံနှင့် DTA စာချုပ်ဝင်နိုင်ငံတစ်ခုခုမှ အခွန်ထမ်းဖြစ်ပါက DTA စာချုပ်ပါအတိုင်း ခံစားခွင့်ရရှိရန် လျှောက်ထားသည့်အခါ အောက်ပါအချက်များကို တင်ပြရပါမည်-

(က)      လျှောက်ထားလိုသူပုဂ္ဂိုလ်က ဆောင်ရွက်ခဲ့သည့်လုပ်ငန်းနှင့် ပတ်သက်သော ရှင်းလင်းဖော်ပြချက်နှင့် လျှောက်ထားလိုသူက မည်သည့် DTA Article အရ DTA အခွင့်အရေးခံစားလိုပါကြောင်း ကိုယ်တိုင်ရေးလျှောက်လွှာ

(ခ)       ကိုယ်စားလှယ်ဖြစ်ပါက လျှောက်ထားခွင့်ရှိသူ၏ တရားဝင်ကိုယ်စားလှယ်လွှဲစာ

(ဂ)       လျှောက်ထားလိုသည့်ပုဂ္ဂိုလ်သည် မည်သည့်နိုင်ငံ၏ အခွန်ထမ်းဖြစ်ကြောင်း သက်ဆိုင်ရာ နိုင်ငံအခွန်ဌာန၏ ထောက်ခံချက်

(ဃ)      ချုပ်ဆိုထားသည့်စာချုပ်

အခွန်ထမ်းသည် အထက်ပါအထောက်အထားများနှင့်အတူ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ တင်ပြလျှောက်ထားရမည်။

ဌာနဆိုင်ရာဦးစီးဌာနတစ်ခုမှ ဆိုင်တစ်ဆိုင်သို့ ပထမအကြိမ်တွင် (၈) သိန်းဖိုး ပစ္စည်းဝယ်ယူပါသည်။ ၎င်းဆိုင်တွင်ပင် ဒုတိယအကြိမ် ထပ်မံ၍ (၈) သိန်းဖိုး ပစ္စည်းဝယ်ယူခဲ့ပါသည်။ Withholding Tax ၂% နှုတ်ယူပေးသွင်းရန် လို/မလို သိရှိလိုပါသည်။

ပထမအကြိမ် ပစ္စည်းဝယ်ယူစဉ်က ငွေပေးချေချိန်တွင် ကျပ် (၁၀) သိန်း မပြည့်သေး၍ Withholding Tax နှုတ်ယူပေးသွင်းခြင်း မပြုရသေးသော်လည်း ဒုတိယအကြိမ် ငွေပေးချေသည့်အခါ ပထမ+ဒုတိယ နှစ်ရပ်ပေါင်း မှာ (၁၀) သိန်းကျော်လွန်သဖြင့် ထိုပေးချေငွေမှ စတင်၍ Withholding Tax ၂% နှုတ်ယူ ပေးသွင်းရမည်ဖြစ်ပါသည်။

အစိုးရဝန်ထမ်း (အရာရှိ) အငြိမ်းစားတစ်ဦးသည် Car Show Room မှ မော်တော်ယာဉ်ဝယ်ယူရာတွင် ဝင်ငွေရလမ်းအဖြစ်မည်သည့်အထောက်အထားများ တင်ပြနိုင်သည်ကိုသိရှိလိုပါသည်။

အစိုးရဝန်ထမ်း (အရာရှိ) အငြိမ်းစားတစ်ဦးသည် Car Show Room မှ မော်တော်ယာဉ်ဝယ်ယူရာတွင် တာဝန်ထမ်းဆောင်စဉ်ကရရှိခဲ့သော  လစာ၊လုပ်သက်ဆုကြေးနှင့် ပင်စင်လစာတို့ကို ဝင်ငွေရလမ်းအဖြစ် တင်ပြနိုင်ပါသည်။

Pages

အဆောက်အဦလေလံတင်ရာတွင် တင်ဒါအောင်မြင်မှုအပေါ် စာချုပ်ချုပ်ဆိုရာ၌ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန် လို/မလို သိရှိလိုပါသည်။

အဆောက်အဦကို တရားရုံးမှလေလံတင်လျှင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ နောက်ဆက်တွဲ ဇယား-၁ အမှတ်စဉ် (၁၈) အရ ပစ္စည်းရောင်းသက်သေခံလက်မှတ်ဖြစ်၍ ဝယ်သည့်ငွေကျပ် ၅ သိန်း ထက်မပိုလျှင် ထိုဝယ်ငွေပမာဏအပေါ် ၁ % နှင့် အခြားကိစ္စ တစ်ခုခုအတွက်ဖြစ်လျှင် ထိုဝယ်ငွေပမာဏနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၂ % ဖြင့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည်ဖြစ်ပါသည်။ တရားရုံးမှလေလံတင်ခြင်းမဟုတ်ပါက ပစ္စည်းလွှဲစာချုပ် စဉ် ၂၃ အရ ၂ % နှင့် ပုဒ်မ ၃-က အရ အပိုတံဆိပ်ခေါင်းခွန် ၂ %  စုစုပေါင်း ၄ %  ကျသင့်ပါသည်။

ဘဏ်မှအိမ်ပေါင်ခြင်းကို လက်ခံသည့်ကိစ္စ၌ ပေါင်နှံသူကပစ္စည်းကို ပေးအပ်ခြင်းမရှိဘဲ အိမ်ဂရန်ရယူထားပြီး ကိုယ်တိုင်ခံဝန်ချုပ်ချုပ်ဆိုကာ ၎င်းခံဝန်ချုပ်ကိုသာ ဘဏ်မှရယူထားပါသည်။ ထိုခံဝန်ချုပ်အပေါ် တံဆိပ်ခေါင်းခွန် မည်မျှထမ်းဆောင်ရမည်ကို သိရှိလိုပါသည်။ သက်တမ်းတိုးပါကလည်း တံဆိပ်ခေါင်းခွန်မည်မျှ ထမ်းဆောင်ရမည်ကို သိရှိလိုပါသည်။

ဘဏ်မှအိမ်ပေါင်ခြင်းကို လက်ခံသည့်ကိစ္စ၌ ပေါင်နှံသူက ပစ္စည်းကိုပေးအပ်ခြင်းမရှိဘဲ အိမ်ဂရန်ရယူထားပြီး ကိုယ်တိုင်ခံဝန်ချုပ်ချုပ်ဆိုကာ ၎င်းခံဝန်ချုပ်ကိုသာ ဘဏ်မှရယူထားခြင်း အတွက် ထိုခံဝန်ချုပ်အပေါ် တံဆိပ်ခေါင်းခွန်မှာ ထိုငွေပမာဏ (သို့မဟုတ်) တန်ဖိုးအပေါ် ၀.၅% ထမ်းဆောင်ရမည်ဖြစ်ပါသည်။ ထိုခံဝန်ချုပ်ကို သက်တမ်းထပ်တိုးပါက ထပ်မံချုပ်ဆိုခြင်းအပေါ် တံဆိပ်ခေါင်းခွန် ၀.၅% ထပ်မံထမ်းဆောင်ရမည် ဖြစ်ပါသည်။

Mytel ဆက်သွယ်ရေးကုမ္ပဏီမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တစ်ခုတွင် Tower တိုင်စိုက်ထူရန်အတွက် မြေငှားရမ်းခပေးချေငွေအပေါ်တွင် Withholding Tax ၂ % နှုတ်ယူပေးသွင်းရန် လို/မလို သိရှိလိုပါသည်။ မြေငှားရမ်းခပေးချေငွေအပေါ်တွင် တံဆိပ်ခေါင်းခွန်ကို မည်သည့်နေရာတွင် ထမ်းဆောင်ရမည်ကို သိရှိလိုပါသည်။

Mytel ကုမ္ပဏီသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမဟုတ်သဖြင့် မြေငှားရမ်းခပေးချေငွေအပေါ် တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄၇/၂၀၁၈ အရ Withholding Tax ၂ % နှုတ်ယူပေးသွင်း ရန်မလိုပါ။ မြေငှားရမ်းခပေးချေငွေအပေါ် ကျသင့်တံဆိပ်ခေါင်းခွန်ကို Tower တိုင်စိုက်ထူရန် မြေငှားသည့် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ထမ်းဆောင်ရပါမည်။

မြန်မာ့လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးဦးစီးဌာနသည် ဓါတ်အားခွဲရုံ တည်ဆောက်သည့် မြေနေရာအတွက် မြေပိုင်ရှင်များသို့ မြေယာလျော်ကြေးငွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က ပေးခဲ့သော်လည်း Budget လျာထားချက်မရှိ၍ လျော်ကြေးငွေပေးစဉ်က တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခဲ့ခြင်းမရှိပါ။ ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှသာ တံဆိပ်ခေါင်းခွန်အတွက် Budget  ရပါသည်။ ယခုမှ Budget ရ၍ တံဆိပ်ခေါင်းခွန်ထမ်းဆောင်မည်ဆိုပါက ထိုတံဆိပ်ခေါင်းခွန်အတွက် ဒဏ်ကင်းလွတ်ခွင့်တင်၍ ရ/ မရ သိရှိလိုပါသည်။

တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းများအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက် ဥပဒေပုဒ်မ ၁၇ အရ စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၄၁ အရတံဆိပ်ခေါင်းခွန် ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်စုံတစ်ရာကို တံဆိပ်ခေါင်းခွန် ထမ်းဆောင်ထားခြင်း မရှိပါက ထိုစာချုပ်စာတမ်းသည် ထိုက်သင့်သည့်တံဆိပ်ခေါင်းကို ကပ်နှိပ်ရခြင်းမရှိသေးကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးထံသို့ အသိပေးအကြောင်းကြားပြီး လိုအပ်သည့် တံဆိပ်ခေါင်း တန်ဖိုးငွေကိုသော်လည်းကောင်း၊ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ပြည့်မီရန်လိုအပ် သည့် တံဆိပ်ခေါင်းဖိုးငွေကိုသော်လည်းကောင်း ပေးရန်ကမ်းလှမ်းလာသည့် အခါတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) သည် ထိုစာချုပ်ကို ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ်ရန်ပျက်ကွက်ခဲ့ခြင်းမှာ မတော်တဆဖြစ်ခြင်း၊ မှားယွင်းခြင်း၊ အရေးတကြီးလိုအပ်ခြင်းကြောင့် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ခဲ့ပါက မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) သည် ထိုက်သင့်သောတံဆိပ်ခေါင်းဖိုးငွေကို လက်ခံရယူပြီးနောက်ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်သည်။ စာချုပ်စာတမ်းသည် အစိုးရက တံဆိပ်ခေါင်းခွန် ကျခံရမည့် စာချုပ်စာတမ်းဖြစ်ပါက ပုဒ်မ ၃ ခြွင်းချက်အရ ကင်းလွတ်ခွင့်ရှိပါသည်။

MIC ခွင့်ပြုမိန့်ရရှိထားသော ကုမ္ပဏီတစ်ခုမှသိရှိလိုသည်မှာ ၄င်းတို့၏လုပ်ငန်းဆောင်ရွက်မှု များအပေါ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းရေးဆွဲရာတွင် ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်း ရှိ/မရှိ သိရှိလိုခြင်း။

၂၀၁၈ ခုနှစ် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေ ပုဒ်မ ၁။ (ဂ) အရ နှစ်၊ ဝင်ငွေနှစ် သို့မဟုတ် ရောင်းရငွေ သို့မဟုတ် ဝန်ဆောင်မှုရငွေရရှိသော နှစ် ဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်နှင့်အညီဖြစ်သည်။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများမှအပ ကျန်အခွန်ထမ်းအားလုံးအတွက် ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက် နေ့အထိကာလအတိုင်း ဆက်လက်ထားရှိရမည်။

 

Pages

စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၀ ပါ အခွန်ခုနှိမ်ခွင့်နှင့် စရိတ်ခွင့်ပြုခြင်းကို တစ်ပြိုင်တည်း ခံစားခွင့်ရှိပါသလား။

စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ ၆၅/၂၀၂၀ ပါ အခွန်ခုနှိမ်ခွင့်နှင့် စရိတ်ခွင့်ပြုခြင်းကို တစ်ပြိုင်တည်း ခံစားခွင့်ရှိပါသည်။

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါခွင့်ပြု ချက်များသည် လစာဝင်ငွေခွန်ပေးဆောင်နေသည့် အခွန်ထမ်းများနှင့်သက်ဆိုင်ခြင်း ရှိ/မရှိ သိရှိလိုပါသည်။

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ ခွင့်ပြု ချက်များသည် စီးပွားရေးလုပ်ငန်းများနှင့်သာ သက်ဆိုင်ပါသည်။

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ ထပ်တိုး လစာ၏ အဓိပ္ပာယ်ကို သိလိုပါသည်။

နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်၊ ၁/၂၀၂၀ ပါ “ထပ်တိုး ပေးချေရသည့် လုပ်ခ၊ လစာ”ဆိုသည်မှာ အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုကြောင့် ၂၀၁၉-၂၀၂၀ ဝင်ငွေနှစ်တွင် ယင်းဝင်ငွေနှစ်မတိုင်မီ ကပ်လျက်ရှိသော ဝင်ငွေနှစ် (ယခင်နှစ်) ထက် ပိုမိုပေးချေရသည့် လုပ်ခ၊ လစာကိုဆိုလိုခြင်းဖြစ်ပါသည်-

(က)ယခင်နှစ်နှင့်တူညီသော ဝန်ထမ်းဦးရေရှိ ဝန်ထမ်းများ၏ လုပ်ခ၊ လစာ များအား တိုးမြှင့်ပေးခြင်းကြောင့် လုပ်ခ၊ လစာစရိတ်မြင့်တက်ခြင်း၊

(ခ)ဝန်ထမ်းအင်အား တိုးချဲ့ခြင်းကြောင့် လုပ်ခ၊ လစာမြင့်တက်ခြင်း။

COVID-19 ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများအပေါ် CERP နှင့်မသက်ဆိုင်သည့် ဝန်ဆောင်မှုပေးခဲ့သည့်ကိစ္စရပ်များရှိပါသလား။

COVID-19 ကာလအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ထမ်းများ၏ အခွန်ဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ကမ္ဘာ့ကပ်ရောဂါအား ကြိုတင်ကာကွယ်သည့်အနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်ပေးခဲ့ပါသည် - (က)သက်ဆိုင်ရာအခွန်ရုံးများတွင် လက်ဆေးကန်၊ လက်ဆေးဆပ်ပြာ၊ Mask များ စီစဉ်ပေးခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခြင်း၊

(ခ)SAS စနစ်သို့ ကူးပြောင်းသည့် အခွန်ရုံးများတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ နောက်ဆုံးအပတ်မှစ၍ အခွန်ထမ်းမှတ်ပုံတင်ပုံစံနှင့် သတင်းအချက်အလက်တောင်းခံလွှာပုံစံများအား e-mail ဖြင့် လက်ခံပေးခြင်း၊

(ဂ)SAS ရုံးများတွင် သုံးလပတ်ကြေညာလွှာ တင်သွင်းသည့်ကိစ္စများအား အခွန်ရုံးသို့ လူကိုယ်တိုင်လာရောက်တင်သွင်းရန်မလိုဘဲ e-mail ဖြင့် လက်ခံဆောင်ရွက်ပေးခြင်း၊

(ဃ)COVID-19 ဖြစ်ပွားမှုကြောင့် လစဉ်လစာဝင်ငွေခွန်ပေးသွင်းရန် ကြုံတွေ့နေရသည့် အခက်အခဲများကို ကုစားပေးနိုင်ရန်ရည်ရွယ်၍ အခွန်ပေးဆောင်ရမည့်အချိန်ကို တိုးမြှင့်ပေးစေလိုကြောင်း အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ(က)နှင့် အညီ သက်ဆိုင်ရာအခွန်ရုံးသို့ လျှောက်ထားလာပါက လစဉ်ပေးဆောင်ရမည့် လစာဝင်ငွေခွန်ကို သုံးလ တစ်ကြိမ် ပေးသွင်းခွင့်ပြုခြင်း၊

(င)Mobile Banking စနစ်အား ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ (၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် CB Pay တစ်မျိုးသာ အသုံးပြုနိုင်သော်လည်း၊ ၂၀၂၀ ပြည့်နှစ် မေလတွင် AYA Pay အား လည်းကောင်း၊ ဇွန်လတွင် SaiSai Pay၊ KBZ Pay များအားလည်းကောင်း အသုံးပြု၍ အခွန်ငွေများပေးဆောင်နိုင်ပြီဖြစ်ပါသည်။

လုပ်ငန်းစီမံချက်ခေါင်းစဉ် ၂.၁.၅ ပါ သတ်မှတ်ချက်များအား မည်သည့်လုပ်ငန်းများ အပေါ်တွင် ခွင့်ပြုပေးရန်သတ်မှတ်ထားပါသနည်း။

လုပ်ငန်းစီမံချက်ခေါင်းစဉ် ၂.၁.၅ ပါ သတ်မှတ်ချက်များသည် စီးပွားရေးလုပ်ငန်းများ အားလုံးနှင့်သက်ဆိုင်သည့် ခံစားခွင့်ဖြစ်ပါသည်။

Pages