မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ ဖေဖော်ဝါရီလ ၉

 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ် (၈၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးများအနေဖြင့် ယခုသင်တန်းတွင် အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံ့ ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ခေတ်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲနေသော အခွန်ဆိုင်ရာပြုပြင် ပြောင်းလဲမှုအခြေအနေများ၊ အခွန်စည်းကြပ်ခြင်းနှင့်ဆက်စပ်နေသော စာရင်းကိုင်ပညာ၊ အခွန်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ ICT နည်းပညာကိုအခြေခံပြီး အခွန်စည်းကြပ်ကောက်ခံခြင်းဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းနှင့်ဆက်စပ်နေသော ပင်စင်အမှုတွဲအမျိုးမျိုး တည်ဆောက်ပုံများ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆိုင်ရာသိမှတ်စရာများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာသိမှတ်စရာများကို စာတွေ့နှင့် လက်တွေ့ ပေါင်းစပ်ပြီး သင်ကြားပို့ချပေးခဲ့ကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် (Capacity) မြှင့်တင် ပေးနိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရာနေရာများသို့ ပြန်လည်ရောက်ရှိကြသည့်အခါ သင်တန်းမှသင်ယူရရှိခဲ့သော အခွန် ကောက်ခံခြင်းဆိုင်ရာနည်းလမ်းများနှင့် ဆက်စပ်နေသောဗဟုသုတများအား မိမိ၏အထက်အဆင့် အရာရှိများနှင့် လုပ်ဖော်ကိုင်ဖက်များအား Knowledge Sharing အဖြစ် လက်ဆင့်ကမ်းပြန်လည်မျှဝေ ပေးပြီး တစ်ဦးနှင့်တစ်ဦး ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်၍ သင်တန်းသားများအနေဖြင့် အမြဲတမ်းလေ့လာသင်ယူလိုစိတ်၊ မိမိကိုယ်ကိုတိုးတက်အောင်ကြိုးစားချင်စိတ်၊ မိမိတာဝန်ထမ်းဆောင် နေသောအဖွဲ့အစည်း ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးလိုစိတ်စသည့့် ခံယူချက်ကောင်းများ အမြဲထားရှိကာ ဌာန၏ရည်မှန်းချက်များ အောင်မြင်ရန် တတ်နိုင်သည့်ကဏ္ဍမှ ပူးပေါင်းဆောင်ရွက်ပေး ကြရန်  တိုက်တွန်းလိုကြောင်း၊ သင်ကြားပို့ချပေးလိုက်သော တည်ဆဲအခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက်များကို ကျေညက်စွာနားလည်သိရှိထားမှသာ မိမိတို့ လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းသဘောသဘာဝအရ အခွန်ထမ်း ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် ပြည်သူ့အကျိုးကိုဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ထမ်းအသိ စိတ်ဓာတ်ဖြင့် အခွန်ထမ်းပြည်သူများက ပေးဆောင်ရမည့်အခွန်ငွေများကို တာဝန်သိအခွန်ထမ်းပီသစွာ ပေးဆောင်လိုသည့်စိတ်ဆန္ဒရှိလာစေရေးအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးပြီး ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသူများ အား ဆုများချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းအား ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အခွန်အယူခံခုံအဖွဲ့ရုံးတို့မှ  သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။