ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Sep 12, 2025 IRD Admin

မြန်မာနိုင်ငံနှင့်ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေး သဘောတူစာချုပ် (Avoidance of Double Taxation Agreement – DTA) ချုပ်ဆိုနိုင်ရေး ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကျင်းပခြင်း

နေပြည်တော်၊ စက်တင်ဘာလ ၉

          မြန်မာနိုင်ငံနှင့်ဘယ်လာရုစ်သမ္မတနိုင်ငံတို့အကြား အခွန်နှစ်ထပ်ကျသင့်မှုမှရှောင်ရှားရေး၊ အခွန်တိမ်းရှောင်မှုကို တားဆီးကာကွယ်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတိုးတက်ရေးနှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးတိုးတက်ခိုင်မာစေရေးတို့ကို ရည်ရွယ်၍ အခွန်နှစ်ထပ်ကျသင့်မှုမှ ရှောင်ရှားရေးသဘောတူစာချုပ် (Avoidance of Double Taxation Agreement – DTA) ချုပ်ဆို နိုင်ရေး ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို Virtual စနစ်ဖြင့် နေပြည်တော်၊ ရုံးအမှတ်(၄၆)၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၉--၂၀၂၅ ရက်နေ့နှင့် ၁၀--၂၀၂၅ ရက်နေ့တို့တွင် နေ့လယ် ၂:၀၀ နာရီမှ ၅:၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ယမုန်အောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ နိုင်ငံတကာ အခွန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနအကြီးအကဲ (Head of International Tax Cooperation Department) မှ Ms. Alla Sundukova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ပါသည်။