ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

May 14, 2026 IRD Admin

သတ်မှတ်ရက်အတွင်း အခွန်ထမ်းမှတ်ပုံတင်လက်မှတ်လျှောက်ထားရန် အသိပေးနှိုးဆော်ချက်

၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းဆောင်ကြမည့်ပြည်သူများအား

အခွန်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ကြရာတွင် အချိန်ကုန်သက်သာစေရန်၊

ငွေကြေးကုန်ကျမှုသက်သာစေရန်၊ ရုံးများသို့ လူကိုယ်တိုင်သွားရောက်စရာမလိုအပ်ဘဲ

ပိုမိုထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက်

အီလက်ထရောနစ်နည်းဖြင့်အခွန်ထမ်းမှတ်ပုံတင်ခြင်းစနစ်(e-Registration Management

System) ကို ၂၃-၅-၂၀၂၃ ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး

မှတ်ပုံတင်လျှောက်ထားလာသော ကုမ္ပဏီ၊ အဖွဲ့အစည်းများအား

အခွန်ထမ်းမှတ်ပုံတင်လက်မှတ်(TIN Certificate)များ ထုတ်ပေးလျက်ရှိပါသည်။ သို့ဖြစ်ရာ

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနတွင် မှတ်ပုံတင်ထားသော

ကုမ္ပဏီ/ပုဂ္ဂိုလ်စု/အဖွဲ့အစည်းများအနေဖြင့် ဖွဲ့စည်းတည်ထောင်သည့် သို့မဟုတ်

မှတ်ပုံတင်သည့်နေ့မှ ရက်ပေါင်း(၉၀)အတွင်း အခွန်ထမ်းမှတ်ပုံတင်လက်မှတ်(TIN Certificate) ကို

လျှောက်ထားရယူကြပါရန် လိုအပ်ပါသည်။

၂။ အခွန်ထမ်းမှတ်ပုံတင်အမှတ်(Taxpayer Identification Number- TIN) ရရှိပြီးသည့်

အခွန်ထမ်း ကုမ္ပဏီ၊ အဖွဲ့အစည်းများအနေဖြင့် အဆိုပါအခွန်ထမ်းမှတ်ပုံတင်အမှတ်(TIN)ကို

အခွန်ပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာတင်သွင်းခြင်းအစရှိသော

ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊

ငွေပေးချေမှုများဆောင်ရွက်ခြင်း၊ ကုန်စည်တင်သွင်းခြင်း၊ ပို့ကုန်/သွင်းကုန်

လိုင်စင်လျှောက်ထားခြင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်းအပါအဝင်

လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ် ရာတွင်လည်းကောင်း အခွန်ထမ်းမှတ်ပုံတင်အမှတ်ကို

မပျက်မကွက် အသုံးပြုရမည် ဖြစ်ပါသည်။



၃။ လျှောက်ထားရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန ဝက်ဘ်ဆိုက် ( www.ird.gov.mm )

၏ ပင်မစာမျက်နှာရှိ “အခွန်ထမ်းမှတ်ပုံတင်ရန်(e-Registration)” box သို့ဝင်ရောက်၍ User

account မှတ်ပုံတင်ခြင်း၊ အခွန်ထမ်းမှတ်ပုံတင်ခြင်းများကို အသုံးပြုသူလမ်းညွှန် (User Guide)

များအတိုင်း ဖြည့်သွင်းလျှောက်ထားနိုင်ပါသည်။ ဖြည့်သွင်းထားသည့်

အချက်အလက်များမှန်ကန်ပါက လျှောက်ထား သည့်နေ့မှ ရုံးဖွင့်ရက်(၅)ရက်အတွင်း

အခွန်ထမ်းမှတ်ပုံတင်အမှတ်(Taxpayer Identification Number - TIN)နှင့်

ဆက်သွယ်ဆောင်ရွက်ရမည့်အခွန်ရုံးများ ဖော်ပြပါရှိသည့် အခွန်ထမ်းမှတ်ပုံတင်လက်မှတ်

(TIN Certificate)ကို မှတ်ပုံတင်ထားသည့် အီးမေးလ်လိပ်စာသို့ ပြန်လည်ပေးပို့သွားမည်

ဖြစ်ပါသည်။

၄။ အသိပေးနှိုးဆော်ချက်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို

နီးစပ်ရာမြို့နယ်အခွန်ဦးစီးဌာနမှုးရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများ၊

တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးများနှင့်

အခွန်ဆိုင်ရာဝန်ဆောင်မှုဌာနခွဲ၊ အမှတ်-၁၂၈/၁၃၂၊ ဒုတိယထပ်နှင့် တတိယထပ်၊

ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ်-

၀၁၈၃၈၉၃၁၁- ၀၁၈၃၈၉၃၂၂ ၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)၊ ရုံးအမှတ်-(၄၆)၊

ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ် - ၀၆၇-၃၄၃၀၅၂၂၊ ၀၆၇-၃၄၃၀၅၄၄၊

အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (မန္တလေး)၊ လမ်း-၆၀၊ ၁၀၁(A)လမ်းနှင့် ၁၀၂ လမ်းကြား၊

ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဖုန်းနံပါတ်-၀၂-၄၀၃၀၆၃၈ များသို့

ဆက်သွယ်မေးမြန်းနိုင်ပါသည်။


                                                                                                                                                                                                                ပြည်တွင်းအခွန်များဦးစီးဌာန

Attachments