ပြည်တွင်းအခွန်များဦးစီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်ကို ပုံတူကူး၍ မသမာသူများသည် အခွန်ထမ်းပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ဆိုရှယ်မီဒီယာမှတစ်ဆင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ ခေါ်ဆိုဆက်သွယ်၍ ငွေကြေးတောင်းခံခြင်း၊ ဝက်ဘ်ဆိုက်အတုသို့ ဝင်ရောက်စေပြီး Mobile Application ကို Download လုပ်ရန် သွေးဆောင်ဖြားယောင်းလျက် ရှိသဖြင့် အထူးသတိပြုကြရန်နှင့် သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ ရှိပါက တယ်လီဖုန်းနံပါတ် ၀၆၇-၃၄၃၀၀၁၄ နှင့် ၀၆၇-၃၄၃၀၅၃၃ ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့၏ တရားဝင် URL သည် https://www.ird.gov.mm/ ဖြစ်ပါသည်။

Mar 12, 2026 IRD Admin

အခွန်ဆိုင်ရာအခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော်၊ မတ်လ ၁၁

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အခွန်ဆိုင်ရာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  ပြည်တွင်း အခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆) ၌ ကျင်းပရာ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 

          အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်ကိုခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတစ်နိုင်ငံ အဖြစ်တည်ဆောက်ရာတွင် နိုင်ငံတော်အတွက် ဘဏ္ဍာငွေရရှိမှုသည် အဓိက အသက်သွေးကြော ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေ ရရှိမှုလမ်းကြောင်းများတွင် “အခွန်မှရငွေ” သည် ပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးအကြီးဆုံးနှင့် အခိုင်မာဆုံးသော အရင်းအမြစ် တစ်ခုဖြစ်ပါကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှရရှိသည့်အခွန်ဆိုင်ရာ အသိပညာများကိုအခြေခံပြီး ဆက်လက်လေ့လာသွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသားများ သည် ပြည်သူ့ဝန်ထမ်းများဖြစ်ကြ၍ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသည့်ဆောင်ပုဒ် အတိုင်း နိုင်ငံစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စောင့်ထိန်းရမည့်ကျင့်ဝတ်သိက္ခာများကို လိုက်နာစောင့်ထိန်းပြီး တတ်သိကျွမ်းကျင်ရမည့်ပညာရပ်များကို အမြဲလေ့လာဆည်းပူးကာ နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားကို စိတ်စေတနာအရင်းခံဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားသည်။

         

          ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားများအား သင်တန်းပြီးမြောက်ကြောင်း လက်မှတ် များကို ချီးမြှင့်ပါသည်။ ယခုသင်တန်းသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ အရာထမ်း စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တနှစ်ပတ် ကြာမြင့်ခဲ့ကြောင်း သိရသည်။