အခွန်ပေးသွင်းခြင်း

၄။ အခွန်ပေးသွင်းခြင်း ( Payment )

- လစာဝင်ငွေရရှိသူအတွက် လစဉ်လစာဝင်ငွေခွန်ကို အလုပ်ရှင်/ ရုံးဌာနအကြီးအကဲ/ ကုမ္ပဏီ မန်နေဂျာတို့က လစာမှဖြတ်တောက်၍ လစဉ်ပေးသွင်းရပါမည်။
- မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှဝင်ငွေရရှိသူသည် တစ်နှစ်ကျပ်သိန်း(၅၀၀)ကျော်လျှင် ကုန်သွယ် လုပ်ငန်းခွန် (၅%) ကို ပစ္စည်းငှားယူသူထံမှ တစ်ပါတည်းရယူပြီး ကြိုတင်ကုန်သွယ် လုပ်ငန်းခွန် ငွေသွင်းချလန်ပုံစံ ပတခ(ကသခ)-၇ဖြင့် ပေးသွင်းရမည်။ ဝင်ငွေခွန်ကိုမူ သက်ဆိုင်ရာအခွန်ရုံးက အခွန်တောင်းခံလွှာပုံစံ ပတခ(ဝင)-၈ ၊ ဝင်ငွေခွန် ငွေသွင်းချလန် ပုံစံ ပတခ(ဝင)-၁၉ တို့ကို ပေးပို့လာပြီး(၂၁)ရက်အတွင်း ပေးသွင်းရမည်။ငွေသွင်းချလန်ကို သက်ဆိုင်ရာအခွန်ရုံးတွင် ရယူနိုင်ပါသည်။
- အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ် ကျသင့်သည့် ဝင်ငွေခွန်ကို သက်ဆိုင်ရာအခွန်ရုံးက ငွေသွင်းချလန်ပုံစံ ပတခ(ဝင)-၁၉၊ အခွန်တောင်းခံလွှာပုံစံ ပတခ(ဝင)-၈  ဖြင့်ပေးပို့လာပြီး (၂၁) ရက် အတွင်း ပေးသွင်းရမည်။
- အခြေပစ္စည်းဝယ်ယူတည်ဆောက်သူအနေဖြင့် သက်ဆိုင်ရာကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့က သတ်မှတ်သည့်တန်ဖိုးအပေါ် ကျသင့်တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်းပေးသွင်း၍ သက်ဆိုင်ရာအခွန်ရုံးတွင် တံဆိပ်ခေါင်း ထုတ်ယူရမည်။ (ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ကသတ်မှတ်မည့် စံနှုန်းများအား Norm ခေါင်းစဉ် link တွင် ဝင်ရောက် ကြည့်ရှုပါ ရန်) ဝင်ငွေခွန်ကိုမူ သက်ဆိုင်ရာ အခွန်ရုံးက ပုံစံ ပတခ(ဝင)-၈၊ ဝင်ငွေခွန်ငွေသွင်းချလန် ပုံစံ ပတခ(ဝင)-၁၉ ပေးပို့လာပြီးနောက် (၂၁) ရက်အတွင်း ပေးသွင်းရမည်။