မော်တော်ယာဉ်များဝယ်ယူခြင်းအပေါ်အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံထုတ်ပေးခြင်းနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

မော်တော်ယာဉ်များဝယ်ယူခြင်းအပေါ် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံထုတ်ပေးခြင်းနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာခြင်း

 

၁။     ပြည်တွင်းအခွန်များဦးစီးဌာနသည် မော်တော်ယာဉ်ဝယ်ယူခြင်းအတွက် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံများအား တုပပြုလုပ်ခြင်းမှ ကာကွယ်တားဆီးနိုင်ရေး၊ နိုင်ငံတော်မှရသင့်ရထိုက်သောအခွန်ငွေများ ဆုံးရှုံးမှုမရှိစေရေးနှင့် မော်တော် ယာဉ်ဆိုင်ရာ အခွန် စည်းကြပ်မှုများကို စနစ်တကျမှတ်တမ်းတင် စစ်ဆေးနိုင်ရေးအတွက် အခွန်ဆိုင်ရာကိစ္စရပ်များ စိစစ်ဆောင်ရွက်ပြီးစီးပါက အခွန်ထမ်းသို့ထုတ်ပေးသည့် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံအပေါ်တွင် မော်တော်ယာဉ် ဝယ်ယူသူ ၏ သတင်းအချက်အလက်များနှင့် မော်တော်ယာဉ်ဆိုင်ရာ သတင်းအချက်အလက်များကို QR Scanner Application ဖြင့် စိစစ်နိုင်မည့် လုံခြုံမှုအဆင့်အတန်းပါဝင်သော IRD Documentation Stamp Label ကပ်နှိပ်၍ ထုတ်ပေးခြင်း အား ၁-၆-၂၀၂၀ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၂။     အခွန်ထမ်းပြည်သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ကိစ္စစိစစ်ဆောင်ရွက်ပြီးစီးကြောင်း ထောက်ခံချက်ပုံစံအပေါ်တွင် ကပ်နှိပ်ထားသည့် QR Code Stamp Label အား တယ်လီဖုန်းတွင်ပါရှိသော QR Scanner ဖြင့် ဖတ်ရှုခြင်းအားဖြင့် မိမိအခွန်ထမ်းဆောင်မှုအတွက် ထုတ်ပေးသော ထောက်ခံချက်များကို မှန်ကန်မှု ရှိ/မရှိ စစ်ဆေးကြည့်ရှုနိုင်ပြီ ဖြစ်ပါသည်။

၃။     ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် အချက်အလက်များကွဲလွဲမှုရှိပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ပေးနိုင်ပါရန်နှင့် တစ်ဦးတစ်ယောက်၏ အလွဲသုံးစားပြုမှုကြောင့် အချက်အလက်များ မှားယွင်းမှုဖြစ်ပေါ်ပါက မည်သူ့ကို မဆို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

 

(မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်