မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၀) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခြင်း

နေပြည်တော် ၊ နိုဝင်ဘာ ၃

 

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေ နှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရေးအတွက် အခွန်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း၊ အမှတ်စဉ် (၈၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/အမှုထမ်း များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးများ အနေဖြင့် သင်တန်းတွင် ပို့ချပေးခဲ့သည့် အခွန်ဆိုင်ရာ ဘာသာရပ်များကို လေ့လာမှတ်သား၍ လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများအား လျော့နည်းလွတ်ကင်းမှုမရှိဘဲ သက်ဆိုင်ရာ အခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝ ကောက်ခံ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်းမှ အကျိုးကျေးဇူး (၃) ခုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ပထမအကျိုးကျေးဇူးမှာ မိမိတို့ ကိုယ်တိုင်စွမ်းဆောင်ရည် မြင့်မားလာခြင်းပင်ဖြစ်ကြောင်း၊ ဒုတိယအကျိုးကျေးဇူးမှာ မိမိတို့၏ အတွေ့အကြုံများကို အခြားလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများသို့ မျှဝေပေးခြင်း (Knowledge Sharing) အခွင့်အလမ်းကို ရရှိနိုင်ခြင်းပင်ဖြစ်ကြောင်း၊ ယင်းသို့မျှဝေပေးခြင်းဖြင့် အခြားဝန်ထမ်း များအနေဖြင့် ဆင့်ပွားအကျိုး (Multiplier effect) ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တတိယအကျိုး ကျေးဇူးမှာ ယခုသင်တန်းမှ ပို့ချပေးခဲ့သော အခွန်ဆိုင်ရာစီမံခန့်ခွဲမှု၊ အခွန်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အခွန်ထမ်းပြည်သူများသို့ အသိပညာပေးခြင်းဖြင့် အခွန်ထမ်းပြည်သူ များကပေးဆောင်ရမည့် အခွန်ငွေများကို တာဝန်သိစွာ ပေးဆောင်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအတွက် လိုအပ်သည့် ရန်ပုံငွေများကို တစ်ဖက် တစ်လမ်းမှ ရရှိရန် ဆောင်ရွက်ပေးသည့် ဌာနတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အခွန်ထမ်းပြည်သူ များအနေဖြင့် အခွန်အခများကို အခွန်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပေးဆောင်လာ စေရေးအတွက် အသိပညာပေးစည်းရုံးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် digital taxation စနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်ရေးကို ကြိုးပမ်း အကောင်အထည်ဖော်လျက်ရှိရာ ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာ များနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်၍ ဝန်ထမ်းများအနေနှင့် လုပ်ငန်း အရည်အသွေးများ ပြည့်မီနေရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးနေခြင်းဖြစ်ကြောင်း၊ သင်တန်းပြီးမြောက်ပြီး မိမိတာဝန်ကျရာနေရာတွင် ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဖြစ်၍ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံပြီး အဂတိတရားကင်းရှင်းစွာ အလုပ်အပေါ် စေတနာထား၍ လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသောအခွန်ဌာနတစ်ခု ဖြစ်လာ စေရန် ဦးတည်အကောင်အထည်ဖော်လျက်ရှိရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်း သား/သင်တန်းသူများ အပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။ သင်တန်းအား ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ ပြည်တွင်းအခွန်များဦးစီး ဌာနမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၈၁ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။