မြို့နယ်အခွန်ဦးစီးဌာနမှူးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၇၇) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

နေပြည်တော်၊ ဇန်နဝါရီလ ၅ ရက်

     စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ၅-၁-၂၀၂၃ ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားသည်။

   ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်မှကောက်ခံရရှိသော အခွန်အကောက်စုစုပေါင်း၏ (၈၀) ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံ ပေးလျက်ရှိကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူးများအနေဖြင့် သင်တန်းမှ ဆည်းပူးရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှုများဖြင့်ပေါင်းစပ်ပြီး၊ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာမှန်ဖြင့် အဂတိတရားကင်းရှင်းစွာ ဝန်ဆောင်မှုပေးကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက်သောအခွန်ငွေများ အပြည့်အဝ ရရှိရေးဆောင်ရွက်ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့်အခွန်ငွေများကို တာဝန်သိစွာပေးဆောင်လာစေမည့် အခွန်ယဉ်ကျေးမှုထွန်းကားလာစေရန် အသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝ ကောက်ခံရရှိနိုင်ရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များ ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသောအခွန်ဌာနတစ်ခုဖြစ်လာစေရန် ဦးတည်အကောင်အထည်ဖော်နေသဖြင့် ယင်း လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် သင်တန်းသား/သင်တန်းသူများအပါအဝင် အခွန်ဝန်ထမ်းများအားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ ပြည်သူများအတွက် ဝန်ဆောင်မှုပေးသည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြခြင်းဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ဂုဏ်ကိုဆောင်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလိုကြောင်း  လမ်းညွှန်မှာကြားသည်။

   ယခုဖွင့်လှစ်သောသင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သောအခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စရပ်များ၊ ဆက်စပ်သည့်ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေသိန်းဆုခွန်နှင့်စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ် များ၊ အခွန်မူဝါဒနှင့်သုတေသနဆိုင်ရာကိစ္စရပ်များ၊ အခွန်ကောက်ခံမှုဆိုင်ရာ သတင်းအချက်အလက် ရှာဖွေစုဆောင်းခြင်းနှင့် နည်းပညာအသုံးပြု အခွန်ကောက်ခံသည့်စနစ်များကို ပို့ချပေးခဲ့သည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သင်တန်းသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး၊ သင်တန်းအောင်လက်မှတ်များ ပေးအပ်ခဲ့ပါသည်။

  သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး၊ ရက်သတ္တပတ် (၈) ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့ သည့် အဆိုပါသင်တန်းသို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၇၉) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။