အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ထပ်မံအသိပေးကြေညာခြင်း

၁။ ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းကုမ္ပဏီများ အခွန်ငွေပေးသွင်းခြင်း လုပ်ငန်းစဉ်တွင် လက်ရှိကူးစက်ပြန့်ပွားလျက်ရှိသော COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်နှင့် အီလက်ထရောနစ်စနစ်များကို အသုံးပြုကာ လွယ်ကူလျင်မြန်စွာ အခွန်ပေးဆောင်နိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ်များ၏ m-Banking, e-Banking, i-Banking စနစ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ Mobile Payment စနစ် များဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၂။  လက်ရှိတွင် အခွန်ထမ်းများအနေဖြင့် IRD Website (www.ird.gov.mm) ၏ Start Your Tax Online Payment မှတစ်ဆင့် Link ဝင်၍ MPU Corporate Debit Card အသုံးပြုကာ Online မှ အခွန်ပေးသွင်းခြင်းအပြင် ပုဂ္ဂလိကဘဏ်များဖြစ်သော သမဝါယမ ဘဏ်လီမိတက် (CB Bank)၊ ဧရာဝတီဘဏ်လီမိတက် (AYA Bank) ၊ ယူအေဘီဘဏ်လီမိတက် UAB Bank) နှင့် ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) တို့၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များကို အသုံးပြု၍လည်း အခွန်ပေးဆောင်နေပြီ ဖြစ်ပါသည်။

၃။  ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ ( ၁၅ ) ရက်နေ့မှ စတင်၍ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) ရရှိပြီးသော အခွန်ထမ်းများအနေဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB Bank) ၏ MAB Mobile Banking စနစ်ကို အသုံးပြု၍ အခွန်ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

၄။  မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက် (MAB Bank) အနေဖြင့် MAB Mobile Banking စနစ်မှ တစ်ဆင့် အခွန်အောင်မြင်စွာပေးဆောင်ပြီးပါက အခွန်ထမ်းသို့ အခွန်ပေးသွင်းမှုအထောက်အထားအဖြစ် e-receipt ထုတ်ပေးမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET မှတစ်ဆင့် အခွန်ငွေလွှဲပြောင်းပေးပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေပေးသွင်းမှုအထောက်အထားများကို email အသုံးပြုပေးပို့ အကြောင်းကြားသွားမည် ဖြစ်ပါ သည်။

၅။ အခြားသောပုဂ္ဂလိကဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းအဖွဲ့အစည်းများ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေးကြေညာသွားမည် ဖြစ်ပါသည်။

၆။  သို့ဖြစ်ပါ၍ အခွန်ထမ်းပြည်သူများအနေဖြင့် ဘဏ်များသို့ ကိုယ်တိုင် (သို့) ကိုယ်စားလှယ်ဖြင့် ငွေသား/ချက်လက်မှတ်များ သွားရောက်ပေးသွင်းရမည့်အစား အီလက်ထရောနစ်ငွေပေးချေမှုစနစ်များအသုံးပြု၍ လုံခြုံစိတ်ချစွာဖြင့် အခွန်ငွေများကို ပေးဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၇။  အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သည့် www.ird.gov.mm တွင် ကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။

ပုံ (မင်းထွဋ်)

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန