အောင်ဘာလေထီစာအုပ် ဝယ်ယူရောင်းချလိုသူများအနေဖြင့် လိုက်နာလုပ်ဆောင်ရန်အချက်များ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အောင်ဘာလေ သိန်းဆုဌာနခွဲ

ကြေညာချက်

(ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်)

၁။ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲသည် ကျပ် ၅၀၀/- တန် အောင်ဘာလေ  သိန်းထီလက်မှတ်များကို မြန်မာနိုင်ငံတစ်ဝန်းလုံးသို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ရောင်းချသွားမည်ဖြစ်ရာ ထီစာအုပ် ဝယ်ယူရောင်းချသူများအနေဖြင့် အောက်ပါအချက်များနှင့်အညီ ဆောင်ရွက်ကြရန် ကြေညာအပ်ပါသည် -

(က) ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူများအနေဖြင့် အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုပါက အောင်ဘာလေ သိန်းဆုဌာနခွဲသို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှအပ ကျန်ပြည်နယ်/တိုင်းဒေသကြီးများမှ အောင်ဘာလေထီစာအုပ်များ ဝယ်ယူရောင်းချလိုသူများအနေဖြင့် မိမိတို့နေထိုင်ရာမြို့နယ်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများသို့လည်းကောင်း လျှောက်ထားနိုင်ပါသည်။

(ခ) လျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူနှင့် အိမ်ထောင်စု လူဦးရေစာရင်း မူရင်း/မိတ္တူများ တင်ပြရမည်ဖြစ်ပါသည်။

(ဂ) လျှောက်လွှာများကို သက်ဆိုင်ရာရုံးများသို့ (၁၅.၈.၂၀၁၈) ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းသွားရန် ဖြစ်ပါသည်။

(ဃ) လစဉ်ဝယ်ယူခွင့်ရရှိထားသော ထီစာအုပ်အရေအတွက်အရ ထီလက်မှတ် (၁၁)  စောင်ပါ ထီစာအုပ်တစ်အုပ်လျှင် အာမခံငွေ(Deposit) ကျပ် (၁၀၀/−)နှုန်းဖြင့် (၃)လစာကြိုတင်ပေးသွင်းရမည်ဖြစ်ပါသည်။

(င) ထီစာအုပ်များ ဝယ်ယူရောင်းချလိုသူများ အနေဖြင့် တစ်လလျှင် မိမိရောင်းချမည့် ထီစာအုပ်အရေအတွက်အရ ဘဏ္ဍာနှစ်တစ်နှစ်လုံးအတွက် တာဝန်ယူရောင်းချမည့် ထီစာအုပ်အရေအတွက်ကို ဖော်ပြလျက် မပျက်မကွက် ဝယ်ယူမည်ဖြစ်ကြောင်း ပဋိညာဉ်စာချုပ် ချုပ်ဆိုရမည် ဖြစ်ပါသည်။

(စ) အကြောင်းအမျိုးမျိုးကြောင့် ထီစာအုပ်များ ဆက်လက်ဝယ်ယူရောင်းချလိုခြင်းမရှိပါက အချိန်မှီတင်ပြရမည်ဖြစ်ပြီး ပေးသွင်းထားသော အာမခံငွေ (Deposit) များ ပြန်လည်ထုတ်ပေးသွားမည်ဖြစ်ပါသည်။

(ဆ) ထီစာအုပ်များ ဝယ်ယူရောင်းချလိုသူများအနေဖြင့် ပဋိညာဉ်စာချုပ်ပါသဘောတူစာချုပ်များကို လေးစားလိုက်နာရမည်ဖြစ်ပြီး လေးစားလိုက်နာမှုမရှိပါက ပေးသွင်းထားသော အာမခံငွေ(Deposit) ကိုနိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားမည်ဖြစ်ပါသည်။

(ဇ) ဝယ်ယူခွင့်ရရှိသည့် ထီစာအုပ်အရေအတွက်အား အတည်ပြုချက်ရရှိပါက သဘောတူညီချက် ပဋိညာဉ်စာချုပ်ချုပ်ဆိုခြင်း၊ အာမခံငွေပေးသွင်းခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့နောက်ဆုံးထား၍ အပြီးဆောင်ရွက်ရပါမည်။