အခွန်ထမ်းမှတ်ပုံတင်ပုံစံနှင့် သတင်းအချက်အလက် တောင်းခံလွှာပုံစံများအား e-mail ဖြင့် ပေးပို့နိုင်ကြောင်းအသိပေးကြေညာချက်

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်တွင်းအခွန်များဦးစီးဌာန

အခွန်ထမ်းမှတ်ပုံတင်ပုံစံနှင့် သတင်းအချက်အလက် တောင်းခံလွှာပုံစံများအား e-mail ဖြင့် ပေးပို့နိုင်ကြောင်းအသိပေးကြေညာချက်

၁။      SAS စနစ်သို့ မိတ်ဆက်ကျင့်သုံးမည့် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂)မှ စီမံခန့်ခွဲလျက်ရှိသော အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ထမ်းမှတ်ပုံတင်ပုံစံနှင့် သတင်းအချက်အလက်တောင်းခံလွှာပုံစံများအား ပြည့်စုံစွာ ဖြည့်စွက်၍ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး(၂)သို့  ၃-၄-၂၀၂၀ ရက်နေ့ထက်နောက်မကျစေဘဲ ပေးပို့ကြရန် ၁၂-၃-၂၀၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။      အခွန်ထမ်းပြည်သူများနှင့် ဌာနမှဝန်ထမ်းများပါဝင်သော အဆိုပါ လုပ်ငန်းစဉ်တွင်  COVID-19 ရောဂါကို တတ်နိုင်သမျှ အကာအကွယ်ဖြစ်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အထက်အပိုဒ် ၁ ပါ ပုံစံများကို e-mail ဖြင့် ပေးပို့ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၃။      e-mail ဖြင့်ပေးပို့လိုသည့် အခွန်ထမ်းပြည်သူများသည် Word Format File များကို အခွန်ထမ်းရေးရာဌာနစု၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၂) e-mail – [email protected] နှင့် [email protected] သို့ တိုက်ရိုက် တောင်းခံခြင်းဖြင့် လည်းကောင်း၊ PDF Format File များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website www.ird.gov.mm> media > Form for SAS Tax Offices တွင် Download ရယူခြင်းဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

၄။      အခွန်ထမ်းပြည်သူများအနေဖြင့် ပုံစံများကို ပြည့်စုံစွာ ဖြည့်စွက်၍ အထက်အပိုဒ် ၃ တွင် ဖော်ပြထားသည့် အခွန်ထမ်းရေးရာဌာနစု၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၂)၏ e-mail လိပ်စာများသို့ ပြန်လည်ပေးပို့ရန် ဖြစ်ပါကြောင်းနှင့် နောက်ဆုံးထားပေးပို့ရမည့်နေ့ကို ၈--၂၀၂၀ ရက်သို့ တိုးမြှင့်သတ်မှတ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

၅။      ပုံစံများဖြည့်သွင်းခြင်းနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးချက် video File များကို www.ird.gov.mm > media > အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်နှင့် စပ်လျဉ်းသည့်ဆွေးနွေးချက်များ တွင် လေ့လာနိုင်ပြီး ထပ်မံသိရှိလိုသည်များရှိပါက အခွန်ထမ်းရေးရာဌာနစု၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၂) ဖုန်းနံပါတ် - ၀၁-၆၅၇၅၃၆၊     ၀၁-၆၅၇၅၃၇၊ ၀၁-၆၅၇၅၈၉ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်းနှင့် အခွန်ထမ်းပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း အသိပေးအပ်ပါသည်။

                                                                                                                                                                                                                                                  (ပုံ)မင်းထွဋ်

ညွှန်ကြားရေးမှူးချုပ်

ပြည်တွင်းအခွန်များဦးစီးဌာန