မှတ်ပုံတင်ခြင်းနှင့်ကြေညာလွှာတင်ခြင်း

၃။ အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration) နှင့် ကြေညာလွှာတင်သွင်းခြင်း ( Filing)

အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration)
ဝင်ငွေခွန်
- ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ကုမ္ပဏီမှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးပါက အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) ၊ (၂) ၊ (၃) နှင့် ဆက်သွယ်ပြီး Electronic မှတ်ပုံတင်လက်မှတ်ကို တင်ပြ၍ အခွန်ထမ်းအဖြစ် မှတ်ပုံတင်ရမည်။ (GIR /TIN)
ကုန်သွယ်လုပ်ငန်းခွန်
- လုပ်ငန်းစတင်လုပ်ကိုင်လျှင် လုပ်ငန်းစတင်ကြောင်း အကြောင်းကြားစာပုံစံ ပတခ(ကသခ)-၃ ဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အကြောင်းကြားရမည်။
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးတွင် ပုံစံ ပတခ (ကသခ)-၁ ဖြင့် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်လွှာတင်သွင်းရပါမည်။ သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်း လုပ်ငန်းရှင်မှတ်ပုံတင်ပုံစံ ပတခ(ကသခ)-၂ ကို ထုတ်ပေးပါမည်။
အထူးကုန်စည်ခွန်
- အထူးကုန်စည်ခွန် ထုတ်လုပ်၊ တင်ပို့လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် လျှောက်လွှာပုံစံ ပတခ(အထခ)-၁ ကို နှစ်စဉ် တင်သွင်းရပါမည်။ ဆိုင်ရာအခွန်ရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်း ပုံစံ(အထခ)-၂ကို ထုတ်ပေးမည် ဖြစ်ပါသည်။ (အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၁၅)
(forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းဆောင်လျှက်ရှိသည့် ကုမ္ပဏီအဟောင်းများအနေဖြင့် မိမိကုမ္ပဏီစည်းကြပ်မှု ခံယူလျှက်ရှိသည့် သက်ဆိုင်ရာအခွန်ရုံးများတွင် ကုန်သွယ်လုပ်ငန်းခွန်မှတ်ပုံတင်ရန်နှင့် အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် နှစ်စဉ် လျှောက်လွှာတင်ရမည်။
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) ကျင့်သုံးသည့်ရုံးများတွင် စည်းကြပ်မှုခံယူလျှက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါအခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS Form)ပုံစံများကို အသုံးပြု ဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)

ကြေညာလွှာတင်သွင်းခြင်း (Filing)
အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန် ကျသင့်သည့် ကုန်စည်များ တင်သွင်းသူသည့် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန် ကျသင့်သည့် ကုန်စည်များ ထုတ်လုပ်တင်ပို့သူသည် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ (အထခ)-၈ ကို မိမိကုမ္ပဏီစည်းကြပ်မှု ခံယူနေသည့်ရုံးသို့ သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန် မလိုအပ်ပါ။
သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်၊ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ (ကသခ)- ၆ ကို လည်းကောင်း၊ သုံးလပတ် ကုန်ဆုံးပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာစည်းကြပ်မှုခံယူနေသည့်ရုံးသို့ ပေးပို့ရမည်။
နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ရောင်းရငွေ / ဝန်ဆောင်မှုရငွေ (ကျပ်သိန်း ၅၀၀ ကျော်လျှင်) ယင်းနှစ်အတွက် အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာ ပုံစံ ပတခ(ကသခ-)၁၂ကိုလည်းကောင်း၊
 အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ကုန်သွယ်လုပ်ငန်းခွန်နစ်ချုပ်ကြေညာလွှာ ပတခ(ကသခ)-၁၁ကဖြင့်လည်း ကောင်း၊
သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။
ဝင်ငွေခွန်ကြေညာလွှာ
 အခွန်ရုံးမှစည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ဝင်ငွေကြေညာလွှာပုံစံ ပတခ(ဝင)-၁ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာ အခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။ အခြေပစ္စည်းရောင်းချခြင်းမှမြတ်စွန်းငွေ ရရှိခြင်းဖြစ်လျှင် ရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းအတွက် ကြေညာလွှာဖြင့်သီးသန့် တင်သွင်းရပါမည်။
အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ်တွင် စည်းကြပ်မှုခံယူနေသည့် အခွန်ထမ်းများအနေဖြင့်-
- ဝင်ငွေခွန်အတွက် နှစ်ချုပ်ပုဂ္ဂိုလ်စုဝင်ငွေကြေညာလွှာ ပတခ(ဝင)-၁ခနှင့် တစ်ဦးချင်းဝင်ငွေခွန်ကြေညာလွှာ ပတခ(ဝင)-၁ကဖြင့်လည်းကောင်း၊
- အခြေပစ္စည်းမှမြတ်စွန်းငွေအတွက် စုပေါင်းတင်သွင်းသည့် အခြေပစ္စည်းမှမြတ်စွန်းငွေကြေညာလွှာ ပတခ(ဝင)-၁ဂ ဖြင့်လည်းကောင်း၊ တင်သွင်းရန်တာဝန်ရှိပါသည်။
- အခွန်စည်းကြပ်ခြင်းမပြုမီ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့နိုင်ပါသည်။
(forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) ကျင့်သုံးသည့်ရုံးများတွင် စည်းကြပ်မှုခံယူလျှက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS Form) ပုံစံများကို အသုံးပြု ဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)