မှတ်ပုံတင်ခြင်းနှင့်ကြေညာလွှာတင်ခြင်း

၃။    အခွန်ထမ်းမှတ်ပုံတင်ခြင်း နှင့် ကြေညာလွှာတင်သွင်းခြင်း (Registration & Filing)

အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration)

ဝင်ငွေခွန်
    ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ လုပ်ငန်းစတင် လုပ်ကိုင်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ်၍ အခွန်ထမ်းအဖြစ် မှတ်ပုံတင်ရမည်။ (GIR  သို့မဟုတ် TIN)

ကုန်သွယ်လုပ်ငန်းခွန်
- လုပ်ငန်းစတင်လုပ်ကိုင်လျှင် လုပ်ငန်းစတင်ကြောင်းအကြောင်းကြားစာပုံစံ ပတခ (ကသခ)-၃ဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အကြောင်းကြားရမည်။
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးတွင် ပုံစံပတခ(ကသခ)-၁ ဖြင့် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်လွှာတင် သွင်းရပါမည်။သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်း လုပ်ငန်းရှင် မှတ်ပုံတင်ပုံစံ ပတခ(ကသခ)-၂ ကိုထုတ်ပေးပါမည်။

အထူးကုန်စည်ခွန်
- အထူးကုန်စည်ခွန် ထုတ်လုပ်၊ တင်ပို့လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် လျှောက်လွှာပုံစံ ပတခ(အထခ)-၁ ကိုနှစ်စဉ်တင်သွင်းရပါမည်။ ဆိုင်ရာအခွန်ရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်းပုံစံ(အထခ)-၂ ကို ထုတ်ပေးမည်ဖြစ်ပါသည်။ (အထူးကုန်စည်ခွန်ဉပဒေ ပုဒ်မ ၁၅)
(forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းဆောင်လျက်ရှိသည့် သမဝါယမအသင်းဟောင်းများအနေဖြင့် မိမိအသင်း စည်းကြပ်မှုခံယူလျက်ရှိသည့် သက်ဆိုင်ရာအခွန်ရုံးများတွင် ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရန်နှင့် အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် နှစ်စဉ် လျှောက်လွှာတင်ရမည်။
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)ကျင့်သုံးသည့် ရုံးများတွင်စည်းကြပ် မှု ခံယူလျက်ရှိသည့် သမဝါယမအသင်းများအနေဖြင့် အဆိုပါ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်(SAS) နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS  Form) ပုံစံများကို အသုံးပြုဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)

ကြေညာလွှာတင်သွင်းခြင်း (Filing)

အထူးကုန်စည်ခွန်ကြေညာလွှာ
- အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ တင်သွင်းလျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့တင်သွင်းရမည်။ အထူးကုန်စည်ခွန်ကျသင့်သည့်ကုန်စည်များထုတ်လုပ်တင်ပို့လျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံပတခ(အထခ)-၈ ကိုမိမိအသင်း စည်းကြပ်မှုခံယူနေသည့်ရုံးသို့ သုံးလပတ် ကုန်ဆုံးပြီး နောက်တစ်လအတွင်း ပေးပို့ရမည်။  (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
- အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊နှစ်ချုပ်ကြေညာ လွှာတင်သွင်းရန်မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်၊ ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာ ပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊
- ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)- ၆ကိုလည်းကောင်း၊
   သုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာမိမိသမဝါယမအသင်းစည်းကြပ်မှုခံယူနေသည့်ရုံး သို့ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
- နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ (ကျပ်သိန်း၅၀၀ကျော်လျှင်) ယင်းနှစ်အတွက်
- နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
- နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)-၁၂ ကိုလည်းကောင်း၊
 သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။

ဝင်ငွေခွန်ကြေညာလွှာ
- ဝင်ငွေကြေညာလွှာပုံစံ ပတခ(ဝင)-၁ ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း  သက်ဆိုင်ရာအခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။ အခြေပစ္စည်းရောင်းချခြင်းမှမြတ်စွန်းငွေ ရရှိခြင်းဖြစ်လျှင် ရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းအတွက်ကြေညာလွှာကို  သီးသန့်တင်သွင်းရပါမည်။
- သမဝါယမနည်းဥပဒေ ၈၄ အရ နှစ်ချုပ်စာရင်းရေးဆွဲ၍ နည်းဥပဒေ ၈၂ အရ သမဝါယမဦးစီးဌာန စာရင်းစစ်ဖြင့် စစ်ဆေးပြီး စာရင်းစစ်အစီရင်ခံစာအရ မူလကြေညာလွှာနှင့် ကွဲလွဲလျှင်ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့ရပါမည်။
(forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
- အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) ကျင့်သုံးသည့်ရုံးများတွင် စည်းကြပ်  မှုခံယူလျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါအခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS  Form)ပုံစံများကို အသုံးပြု ဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)